အကြမ်းဖက်စစ်ကောင်စီ ရဟတ်ယာဉ်ကို KIAက ဘာလက်နက်နဲ့ ပစ်ချလိုက်သလဲ

ရန်ကုန်၊ မေ ၃
မေလ ၃ ရက်​နေ့ နံနက် ၁၀ နာရီခွဲအချိန် မိုးမောက်မြို့နယ်၊ ကုန်းလောရွာအနီးတွငွ KIA က ပစ်ခတ်၍ အကြမ်းဖက်စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ပျက်ကျပြီး လေယာဉ်ပေါ်ပါသူ သုံးဦး သေဆုံးသွားသည်။
ပျက်ကျခဲ့သည့် ရဟတ်ယာဉ်မှာ Mi-35P အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် K.I.A က 12.7mm ကျည်ဆန်သုံး Type 85 AA အမျိုးအစား Heavy Machine Gun ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီ၏ DSA အပတ်စဉ် ၄၆ ဆင်း အရာရှိ​ဟောင်းတစ်ဦးက ၄င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။


KIAမှ ဗိုလ်မှူးကြီးနော်ဘူက KIA မှ စစ်​ကောင်စီ ရဟတ်ယာဉ်ကိုပစ်ချလိုက်သည်မှာ မှန်ကန်ကြောင်း အတည်ပြုထားပြီး မည်သည့်လက်နက် အသုံးပြုပြီး ပစ်ခတ်လိုက်ခြင်းကို ပြောဆိုခြင်းမရှိပါ။
အဆိုပါ Mi-35P တိုက်ခိုက်ရေးရဟတ်ယာဉ်သည် အမေရိကန်ဒေါ်လာ ၃၅ သန်းခန့် တန်ကြေးရှိပြီး အကြမ်းဖက်စစ်ကောင်စီတွင် ၁၀ စီးခန့် ရှိသည်ဟု သိရသည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIAက ယခုတစ်စီးအပါအဝင် အကြမ်းဖက်စစ်ကောင်စီ၏ တိုက်ခိုက်ရေးရဟတ်ယာဉ် နှစ်စီးကို ပစ်ချထားနိုင်ခဲ့သည်။


ရဟတ်ယာဉ်ပျက်ကျပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများဖြင့် ကုန်းလောရွာတဝိုက်သို့ ပစ်ခတ်ခဲ့၍ သံဃာတော်တစ်ပါး အပါအဝင် သုံးဦး သေဆုံးကာ ၁၀ ယောက်ခန့် ဒဏ်ရာရရှိခဲ့သည်။
မေလ ၃ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ဗန်းမော်လေဆိပ်သို့ စစ်ရဟတ်ယာဉ် သုံးစီး ထပ်မံရောက်ရှိလာသည်ဟု ဗန်းမော်ဒေသခံ ကချင်သတင်းရင်းမြစ်က ခေတ်သစ်သတင်းဌာနကို ပြောဆိုသည်။
အလားတူ ဗန်းမော်မြို့တွင် စစ်ကောင်စီတပ်ကူ စစ်သား ၆၀၀ ခန့် ရောက်ရှိနေသည်ဟု ဗန်းမော်ဒေသခံတွေက ပြောဆိုနေကြ​သော်လည်း ခေတ်သစ်သတင်းဌာနက သီးခြား အတည်မပြုနိုင်ပေ။


အလောဘွမ်တောင်ကုန်းစခန်းကို ၁၉၉၀ ဝန်းကျင်ကတည်းက အကြမ်းဖက်စစ်တပ်က သိမ်းယူထားပြီး ၂၀၂၁ ခုနှစ် မတ်လ အတွင်းမှာ KIAက ပြန်လည်တိုက်ခိုက် သိမ်းပိုက်ထားခြင်းဖြစ်သည်။
အလောဘွမ်တောင်ကုန်းစခန်းသည် နှစ်ဖက်စလုံးအတွက် စစ်ရေးအရ မဟာဗျူဟာကျသည့် စခန်းဖြစ်၍ စစ်ကောင်စီက စခန်းပြန်ရရေးအတွက် အင်အားအများအပြားသုံးကာ တိုက်ခိုက်နေ​​သော်လည်း အကျအဆုံးများ အထိနာ​နေ၍ ​လေ​​ကြောင်းအားကိုး တိုက်ခိုက်​နေခြင်းဖြစ်သည်။